တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အမှတ်စဉ် (၁/၂၀၂၃၊ ၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပိုက်ဆံလျှော် ထည့်သွင်းပွဲအခမ်းအနားများတက်ရောက်

ပုသိမ် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အမှတ်(၁၇) စက်မှုလယ်ယာစခန်း၌ အမှတ်စဉ် (၁/၂၀၂၃၊ ၂၀၂၄) ရိတ်သိမ်စခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှုအခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဖြစ်ပြီး မိုးစပါး၊ နွေးစပါး ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပြီး ပန်းတိုင် အထွက်နှုန်းမရောက်သေးမီ ကာလစပ်ကြား တစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့် စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ) ထည့်သွင်းစိုက်ပျိုးခြင်းစသည့် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ရိတ်သိမ်းခြွေလှေ့စက်များ ပေါ်လာပြီး နောက်ပိုင်း တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များကို အားထားလာပါကြောင်း၊ ရိတ်သိမ်း​ချွေ​လှေ့စက်များ အသုံးပြုရာတွင် စက်​မောင်းများ ကိုင်တွယ်ထိန်းသိမ်းမှု အားနည်းပါက စပါးအ​လေအလွင့် ရာခိုင်နှုန်းများသည်ကို​ တွေ့ရှိရသဖြင့်​ နွေစပါးအပြီး မိုးစပါး မရိတ်သိမ်းမီ သင်တန်း​ပေးရခြင်းဖြစ်ပါ​ကြောင်း၊ ဆက်လက်ပြီး ဆင့်ပွားသင်တန်းများ ပို့ချသွားမည် ဖြစ်ပါ​ကြောင်း၊ တစ်ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိ​ရေး ကြိုးပမ်းလျက်ရှိရာ အ​လေအလွင့် ထိန်းနိုင်မှ ပိုမိုထွက်ရှိလာမည်ဖြစ်သဖြင့် စိုက်ပျိုး​ရေးတိုင်းအတွက် များစွာအကျိုးရှိမည်ဖြစ်​ကြောင်း၊ စက်မှုလယ်ယာ ဦးစီးဌာနသာမက ကုမ္ပဏီများကလည်း ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့သင်ကြား ပို့ချမှုများ ကို ကြိုးစားသင်ယူကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ် များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်း ဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာ စခန်းရှိ လယ်ယာသုံးစက်ကြီးများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ စက်မှုလယ်ယာနှင့် ကူဘိုတာ ဧရာဝတီကုမ္ပဏီတို့မှ ပူးပေါင်း ဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၃၊ ၂၀၂၄) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းအား ယနေ့မှစ၍ ၁ လကြာသင်ကြားပို့ချသွားမှာဖြစ်ပြီး သင်တန်းသား ၅၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက(၅)ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါး အထွက်နှုန်းတိုးတက် စေရေး ကြိုးစားစိုက်ပျိုးကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ တောင်သူ ဦးသန်းစိန်ပါ (၁၉)ဦး လယ်မြေဧက ၁၀၀ တွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားတက်ရောက်၍ ထွန်စက်ကြီး ၈ စီးဖြင့် ထွန်ယက်ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ မြေဆီလွှာကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေသြဇာများ ပိုမိုထည့်သွင်းစိုက်ပျိုး စေရေးနှင့် တစ်ဧက အထွက်တိုးစေရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်စိမ်းမြေသြဇာ ထည့်သွင်းထွန်ယက်ရာတွင် တစ်ဧကလျှင် သစ်စိမ်း မြေသြဇာ တန်ချိန် ၈.၇ တန်ထည့်သွင်းနိုင်ခဲ့ပြီး နိုက်ထရိုင်ဂျင် ၁.၈ အိတ်၊ ဖော့စဖိတ်၀.၂၄၊ ပိုတက် ၀.၈ အိတ်နှင့် ညီမျှသော အာဟာရဓာတ်များ ထည့်သွင်း နိုင်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)