လိပ်သိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်၍ တောင်သူများ မိုးစပါး စိုက်ပျိုးရန် လယ်ယာလုပ်ငန်းခွင်များသို့ ဝင်ရောက်

လိပ်သို ဇွန် ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီဖြစ်သောကြောင့် ဒေသခံတောင်သူများသည် မိုးစပါး စိုက်ပျိုးနိုင်ရန် လယ်ယာ လုပ်ငန်းခွင်များကို ဝင်ရောက်လုပ်ကိုင်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ လယ်ယာမြေများမှာ တောင်ကုန်းတောင်တန်း၊ တောင်ကြိုတောင်ကြားများ အကြားတွင် တည်ရှိနေသောကြောင့် မိုးစတင်ရွာသွန်းချိန်မှ စတင်ကာ တောင်ကုန်းများမှ စီးဆင်းလာသော မိုးရေများ မိမိတို့၏ လယ်ယာမြေများသို့ ရာနှုန်းပြည့် စီးဝင်စေရန် ရေဆည်တာတမံငယ်များ ပြုလုပ်ခြင်း၊ ရေသွယ်မြောင်းများ ဖောက်လုပ်ပြုပြင်ခြင်းကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခုအခါ ပေါင်းသင်ခြင်း၊ ကန်သင်းပြုပြင်ခြင်း၊ ထယ်ထိုး၊ ထယ်လှန်ခြင်း၊ ပျိုးထောင်ပျိုးကြဲခြင်းများကို ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)