စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်း ဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် အုပ်ချုပ်/နည်ပြများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဇွန် ၁၉

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကာစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံလက်ရွေးစင် အားကစားသမားများ နှင့် အုပ်ချုပ်/နည်းပြများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစား မြှင့်တင်ခြင်းသည်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်ဆိုသည့် ယုံကြည်ချက်၊ ခံယူချက် အမျိုးသားအားကစား မြှင့်တင်‌ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများအား အကောင်အထည်ဖော်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မိမိတို့တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမား ၁၆ ဦး၊ အုပ်ချုပ်သူ ၁ ဦး၊ နည်းပြ ၃ ဦး စုစုပေါင်း ၂၀ ဦး၊ ပါဝင်ခဲ့ရာ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၁၀ ခု၊ ကြေးတံဆိပ် ၈ ခု စုစုပေါင်း ဆုတံဆိပ် ၂၁ ဆု ရယူပေးခဲ့သည့်အတွက် ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ မိမိတို့တိုင်း‌ဒေသကြီးအနေဖြင့် နယ်မြေအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြားမှ ပြိုင်ပွဲများကျင်းပနိုင်ခြင်း၊ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင် ခြင်း၊ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်အောင် ကျင်းပပေးခဲ့ သည့်အတွက် ယခင်နှစ် ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာ အားကစားလှုပ်ရှားဆောင် ရွက်မှုအမြင့်မားဆုံး ဒုတိယဆုအား ရရှိခဲ့ပါကြောင်း၊ ဒါ့အပြင် ဒီဇင်ဘာလူထု လှုပ်ရှားမှုအထိမ်းအမှတ် မြို့နယ် အထူးဆုအား စစ်ကိုင်းမြို့နယ်မှ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်ကို အားကစား စွမ်းဆောင်မှုဖြင့် မြှင့်တင်ပေးခဲ့ကြသည့် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားတာဝန်ရှိသူအားလုံး၏ စွမ်းဆောင်နိုင်မှုများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုအောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်နှစ်တွေတွင် ယခုထက်ပိုမိုအောင်မြင်အောင် စွမ်းဆောင်ပြီး တိုင်းဒေသကြီး၏ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုး မြှင့်တင့်နိုင်ကြပါရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှေလှော်ပြိုင်ပွဲတွင် ရွှေ ၁၊ ငွေ ၄၊ ကြေး ၂ ရရှိသော မောင်အောင်ဖြိုးဟိန်းအား ဂုဏ်ပြုဆုငွေကျပ် - ၄၈၀၀၀၀၀ (လေးဆယ်ရှစ်သိန်း)ကျပ်၊ ခြင်းလုံး ပြိုင်ပွဲတွင် ရွှေ ၁၊ ငွေ ၁ ရရှိသော မငြိမ်းအိမွန်အား ဂုဏ်ပြုဆုငွေကျပ် - ၁၇၀၀၀၀၀ (တစ် ဆယ်ခုနှစ်သိန်း) ကျပ်နှင့် တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ရွှေရရှိခဲ့သော မောင်ကျော်မင်းနိုင်အား ဂုဏ်ပြု ဆုငွေကျပ် - ၁၀၀၀၀၀၀ (တစ်ဆယ်သိန်း)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကာစားပြိုင်ပွဲများတွင် ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိခဲ့ကြသော အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများထံ ဂုဏ်ပြုဆုငွေများ အသီးသီးပေး အပ်ချီးမြှင့် ခဲ့ကြသည်။

ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကာစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ကြသော စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစား သမားများ ကိုယ်စား မငြိမ်းအိမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်နှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး တာဝန်ရှိသူ များနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကာစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြ သော စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစား သမားများနှင့် အုပ်ချုပ်/ နည်းပြ များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေတံဆိပ်ဆုရ အားကစားသမားအား ဂုဏ်ပြုဆုငွေကျပ် - ၁၀ သိန်း၊ ငွေတံဆိပ်ဆုရ အားကစားသမားအား ဂုဏ်ပြုဆုငွေကျပ် - ၇ သိန်း၊ ကြေးတံ ဆိပ်ဆုရ အားကစားသမားအား ဂုဏ်ပြုဆုငွေကျပ် - ၅ သိန်းနှုန်းဖြင့် စုစုပေါင်းဂုဏ်ပြုဆုငွေကျပ် - ၁၉၃၀၀၀၀ဝိ (တစ်ရာကိုးဆယ်သုံးသိန်း) ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါနံနက်ပိုင်းတွင် မုံရွာမြို့၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြို့နယ်အသီးသီးမှ ရွေးချယ်ခံခဲ့ရသည့် လူငယ်မောင်မယ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်း များအား တိတိကျကျ လိုက်နာကာ အားကစားထူးချွန်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသူရဲကောင်းများအဖြစ် ရောက်ရှိစေရေးအတွက် အစွမ်းကုန် ကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင် ပညာသင်ကြားမှုနှင့် အားကစားလေ့ကျင့်ရေးများအတွက် တာဝန်ယူဆောင်ရွက်ကြမည့် အရာရှိများ၊ နည်းပြ ဆရာ၊ ဆရာမများအနေဖြင့် ပညာရည်မြင့်မားရေးကိုသာမက ခေတ်မီသိပ္ပံနည်းကျသည့် အားကစားပညာရပ်များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက်ကိုပါ စေတနာထားပြီး အစွမ်းကုန် သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပညာထူးချွန်ပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ကျောင်း အတွက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးစောနိုင်ထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီးထံ အလှူရှင်များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ အလှူငွေများနှင့် လေ့ကျင့်ရေး ဘောလုံးများအား ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ယင်းနောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်က နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး ပြခန်းတွင်ပြသထား သော အားကစားအထာက်အကူပြုပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)