ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  ဇွန် ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာအုပ်စာပေဖတ်ရှုမှုဝါသနာပါသူ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/ သူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအား အားလပ်ချိန်များတွင် မိမိကြိုက်နှစ်သက် သည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ-၂)၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနျင့် ပြည်နယ်သစ်ထုတ်လုပ်ရေးရုံးများသို့ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ကွင်းဆင်း၍ သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ရွေ့လျားစာကြည့်တိုက်(Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့် ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)