ကလိန်အောင် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့နံနက်(၁ဝ) နာရီအချိန်က မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး(တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က မိဘပြည်သူများနှင့်ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ ကလိန်အောင်မြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမှ ဒု-ဦးစီးမှူး ဦးဝေဟင်စိုးက "မူးယစ်အန္တရာယ်လူရန်စွယ်"၊ မူးယစ်ဆေးဝါးခေါ်ထွင်ပုံနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မူးယစ်ဆေးဝါး အမျိုးအစားများအကြောင်း၊မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ရောဂါလက္ခဏာများ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးအန္တရာယ်များအကြောင်း၊ သဘာဝအလျောက်ဖြစ်ပေါ်သည့် ဆေးဝါးများအကြောင်း၊ လူမှုရေးဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးသည့် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည့်အကြောင်းအရာများကိုဆွေးနွေးပြောကြားခဲ့သည်။
ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများကို ဖိတ်ခေါ်ပြီး အွန်လိုင်းစနစ်ဖြင့် အသိပညာပေး (Talk Show )ဆွေးနွေးပွဲများကို Onlineမှတဆင့် လစဉ်ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)