လဟယ် ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တိုင်းရင်းသားတို့၏ အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းမြတ်သီက တိုင်းရင်းသားလူများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့် နည်းဉပဒေများအား ရှင်းလင်းဆွေးနွေး ပြောကြားပါသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုအခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဒုတိယပိုင်းအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းမြတ်သီက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု စစ်တမ်းလွှာပါ အကြောင်းအရာများ ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူကာ တက်ရောက်လာကြသော တိုင်ရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့် နည်းဉပဒေစာအုပ်များ ပေးအပ်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးဆန်းစစ်စီမံခြင်း ဆွေးနွေးပွဲအခမ်းအနားသို့ နာဂဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ တိုင်းရင်းသားလူမျိုးများရေးရာ တိုင်းဦးစီး ဒေါက်တာဝင်းမြတ်သီ၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် ရုံးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြောင်း သိရှိရသည်။
ပါမင်းလိုင်(လဟယ်)