လိပ်သို ဇွန် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “ ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အလိမ္မာစာမှာရှိ ဆိုသကဲ့သို့ စာပေဖတ်ရှုမှသာလျှင် အမှားအမှန်ကို ဝေဖန်သုံးသပ်နိုင်မှာဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် စိတ်ခွန်အားရရှိစေကာ တည်ငြိမ်ခြင်း၊ ရဲရင့်ခြင်းနှင့် အသိပညာများလည်း တိုးပွားလာမည်ကြောင်း စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသော “ပျော်ရွှင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆက်လက်ပြုလုပ်ရာ (Book Club) အဖွဲ့ဝင် စောနေလင်းပိုင်က “ မိမိဘဝကို တိုးတက်အောင်နေ့စဉ်အကောင်းဆုံးကြိုးစားခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထား ခြင်း၊ အများအကျိုးကိုဆောင်ရွက်ခြင်းတို့သည် ပျော်ရွှင်မှုအကောင်းဆုံးပေးနိုင်သော အရာများဖြစ်ပါကြောင်း” စသည့် စာအုပ်ပါအကြောင်းအရာအချို့ကို ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်း တက်ရောက်လာသူ စာပေဝါသနာရှင်များက မိမိတို့အတွေး၊ အမြင်၊ ထင်မြင်သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဝေါ်ကွောထူး