မြိတ် ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်များအား ကျန်းမာရေး စမ်းသပ် စစ်ဆေးကုသပေးနိုင်ရန်အတွက် မြိတ်မြို့ ကန်ဖျားနယ်မြေ၊ တပ်ပြင်ရပ်၊ စပါးရွှေဝါလမ်း သီတဂူဇီဝိတစက္ခုဒါန ဆေးရုံတော်တွင် သံဃာတော်/သီလရှင်များ အခမဲ့ ဆေးကုသခန်းကို ဇွန်လ(၁၉)ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ သံဃာတော်နှင့် သီလရှင်များအား ကျန်းမာရေး စမ်းသပ်စစ်ဆေးကုသပေးသည်။
“အဓိကရည်ရွယ်ချက်ကတော့ သံဃာတော်နှင့် သီလရှင်များ၏ ကျန်းမာရေးစစ်ဆေး ကုသပေးနိုင်ဖို့ ဆေးပေးခန်းအနေနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ သီတဂူဇီဝိတ စက္ခုဒါန ဆေးရုံတော်ကို ပုံမှန်အားဖြင့်တော့ ဇီဝိတစက္ခုဒါန ဆေးရုံဆိုပေမယ့် ဆေးရုံအဆင့် မဖွင့်နိုင်သေးတဲ့ကာလမှာ သံဃာတော်နှင့် သီလရှင်များအတွက် ဆေးပေးခန်းအနေနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင်တွေကို အခမဲ့ ကုသပေးသွားမှာဖြစ်ပါတယ်”ဟု သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတော် စီမံစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က ပြောသည်။
သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတော် အခမဲ့ဆေးကုသခန်းကို နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တလသန အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများ၊ ဆေးရုံတော်စီမံ စောင့်ရှောက်ရေးအဖွဲ့တို့မှ ဆေးကုသခန်းဆိုင်းဘုတ်ကို အမွေးနံ့သာရည် ပက်ဖျန်းပေးကြ၍ စတင်ဖွင့်လှစ်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆရာဝန်ကြီးများက ကျန်းမာရေး စမ်းသပ်စစ်ဆေးပေးခဲ့ကြသည်။
အဆိုပါဆေးခန်းကို သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတော် သြဝါဒစရိယ ဆရာတော်ကြီးများ၏ ဩဝါဒ လမ်းညွှန်မှုဖြင့် ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်၍ သံဃာတော်နှင့် သီလရှင်များအား တစ်ပတ်လျှင်(၅)ရက် တနင်္လာနေ့မှ သောကြာနေ့နံနက် (၉) နာရီမှ (၁၁) နာရီ၊ ညနေ (၃) နာရီမှ (၅) နာရီအထိ ဖွင့်လှစ်၍ အခမဲ့ စမ်းသပ် စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)