ပခုက္ကူ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အခမ်းအနားပြုရသည့်ရည် ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး အောင်ကျော်စိုးက “မူးယစ်ဆေး ဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါးသုံးစွဲရ ခြင်းအကြောင်းရင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ၊ သုံးစွဲပုံအဆင့်ဆင့်နှင့် အလွန်အကျွံသုံးစွဲသူများတွင် တွေ့ရှိရတတ်သည့် လက္ခဏာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာဥပဒေများနှင့် နည်းလမ်းများအကြောင်းတို့ကို Projector ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်ကြသည့် ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးအန္တရာယ်နှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် ဒုတိယရဲမှူးအောင်ကျော်စိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)