ဇလွန် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်တစ်ခုကို ထုတ်လုပ်ရောင်းချရာတွင် ကုန်စည်တစ်ခုတွင် ပါဝင်ရမည့်ကုန်အညွှန်း အမှတ်အသား (၈) ချက်ဖြစ်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ်၊ ပြည်တွင်းသို့တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအချိုးအစား စသည့်အကြောင်းအရာ များကို အသိပညာပေး ပြောကြားခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)