မင်းလှ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရေနက်ကွင်း ဧရိယာများမှ သီးနှံစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တစ်သီးမှ နှစ်သီးစိုက်ပျိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စိုက်ပျိုးရေးကဏ္ဍကြီး ဖွံ့ဖြိုးတိုးတတ်ရေးအတွက် တစ်သီးစိုက်မြေဧရိယာများပေါ်တွင် နှစ်သီးစိုက်ပျိုးကြရန်နှင့် နှစ်သီးစိုက်ဧရိယာများပေါ်တွင် သုံးသီးစိုက်ပျိုးကြရန် တိုက်တွန်းအမှာစကားပြော၍ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က တစ်သီးစိုက်ကိုင်း မြေဧရိယာများပေါ်တွင် နှစ်သီးတိုးချဲ့စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး စီမံဆောင်ရွက်ချက်များကို(power point) ဖြင့် ဆွေးနွေးတင်ပြသည်။
ထို့နောက်တွေဆုံပွဲသို့ တတ်ရောက်လာသည့် ရေနက်ကွင်းဧရိယာ တစ်သီးစိုက်မှ နှစ်သီး စိုက်ပျိုးမည့် တောင်သူများက ဟင်းသီးဟင်းရွက်မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းတံတားရရှိရေးစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ရေနက်ကွင်း ဧရိယာများဖြစ်သည့် ရွှေလောင်းအုပ်စု၊ ဒီလှိုင်းအုပ်စု၊ ထန်းပင်ကုန်းအုပ်စု၊ အင်းဘုတ်ကုန်းအုပ်စုတို့တွင် ဆောင်းရာသီပဲမျိုးစုံသီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးနိုင်သည့်ဧရိယာများအနက်မှမိုးသီးနှံအဖြစ် စားဖိုဆောင်သီးနှံများကို (၁)သီးမှ (၂)သီးသို့ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တစ်သီးစိုက်ဧရိယာ ကိုင်းမြေ(၂၁၀၀) ဧရိယာပေါ်တွင် ဒုတိယသီးနှံအဖြစ် စားဖိုဆောင်သီးနှံကို ထပ်မံစိုက်ပျိုးရန် လျာထားကြောင်း သိရသည်။
ပေါက်စ(မင်းလှ)