သရက်ချောင်းမြို့နယ်တွင် မိုးရာသီတောင်သူများအားနည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်

သရက်ချောင်း   ဇွန်   ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီတောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို လိုက်နာကျင့်သုံးလာစေရန်နှင့် တောင်သူ အချင်းချင်းစိုက်ပျိုးရေးနည်းပညာများကို ဖလှယ်တတ်လာစေရန်ရည်ရွယ်၍  မိုးရာသီတောင်သူများအား နည်းပညာပေးရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းတွင် သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက မိုးရာသီတောင်သူများအားနည်းပညာပေးရက်တိုသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုး၊ တိုင်းဒေသကြီးမြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်ဝင်းစိုး၊ တိုင်းဒေသကြီးရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့်ဇော်နှင့် တိုင်းဒေသကြီးရုံး၊ မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးမြမောင်တို့က ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုနည်း၊ စပါးရွက်လိပ်အိမ်ပိုးကာကွယ်နှိမ်နင်း ခြင်းဆိုင်ရာသိကောင်းစရာများ၊ ကြွက်နှင့်ရွှေခရုအကောင်များပိုးမွှားအန္တရာယ်မှကာကွယ်ရေး၊ သီးနှံကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ ကွမ်းသီးပင်စိုက်ပျိုးခြင်းနှင့် ကွမ်းသီးအကြောင်း သိကောင်းစရာများ၊ မြေဆီလွှာအာဟာရချို့တဲ့ရခြင်းအကြောင်းအရင်းများ၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေယာပြုပြင်ခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ၊ စပါးပင် များကိုပျိုးဘောင်ဖြင့်ပျိုးထောင်နည်း၊ ဒေသရေမြေနှင့်ကိုက်ညီသောမျိုးရွေးချယ်နည်းစသည့် စိုက်ပျိုးနည်း သင်ခန်းစာများကို ဆွေးနွေးပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာများရှိတောင်သူ (၄၀)ဦးတို့ တက်ရောက်လာကြပြီး မိမိတို့သိရှိလိုသည်များကို နည်းပြများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ၊ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

နန်းခလိုက် (သရက်ချောင်း)