အုတ်တွင်းမြို့နယ်၌ ၁၁ ကေဗွီဓာတ်အားလိုင်း ၄၀၀ ဗို့လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု ဒိုးပင်သောင်ကျေးရွာအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (NEP) စနစ်ဖြင့် ဆောင်ရွက်သော ၁၁ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရင်ခုန်သံရှင်ရေးကူညီမှုအသင်း ဦးဆောင် နာယကဆရာတော် ဥူးတေဇသီရိက အဖွင့်ဩဝါဒစကားမြွက်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီကဒေသတည် ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဥ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကိုက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေးခြင်းများ ရှင်းလင်းပြောကြားကာ ကျေးရွာနေ လျှပ်စစ်မီးလင်းရေး ကော်မတီဝင် ဦးတင်စိန်က လျှပ်စစ်မီးရရှိသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက်လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ကျေးရွာအားလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ(NEP)National Electrification Project စနစ်ဖြင့် လျှပ်စစ်မီးရရှိ‌ရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အိမ်ခြေ(၁၈၀)ရှိဒိုးပင်သောင်ကျေးရွာမှ အိမ်ခြေ(၁၂၀)အား ကနဦးလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိသောအိမ်ခြေများအား လျှပ်စစ်မီးဆက်လက်ရရှိအောင် ဆောင်ရွက်လျက်ရှိသည်။

ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဌာနဆိုင်ရာများသည် အုန်းပင်ကျေးရွာအုပ်စု သံတိုင်ခင်ကျေးရွာသို့ သွားရောက်ပြီး လျှပ်စစ်မီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးချိတ်ဆက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)