ငဖဲ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ဌာနဆိုင်ရာရုံးများတွင် အသီးသီးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးမှ ဦးဆောင်ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဌာနဆိုင်ရာရုံး အသီးသီးတွင် မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများပူးပေါင်းကာ မိုးဦးကျရာသီ ရောက်ရှိလာပြီဖြစ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ဌာနဆိုင်ရာရုံးများတွင် ခြင်များခိုအောင်း နေထိုင်ပေါက်ဖွားမှု မဖြစ်ပေါ်စေရေး ရေအိုး၊ ရေစည်၊ ဘုရားပန်းအိုးများကို ဖုံး၊သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေသိုလှောင်ကန်များကို အဖုံးအုပ်ခြင်းနှင့် ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ငဖဲမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် တနင်္လာနေ့တိုင်းတွင် ဌာနဆိုင်ရာရုံးများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)