လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်း ဆုံတွင် စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ စျေးရောင်း စျေးဝယ်မှုများအား ကြည့်ရှုအားပေးကူညီခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ငါးမြက်ဆံနီ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၅ ပိဿာနှင့် ဟင်းသီး ဟင်းရွက်များကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူအိမ်ထောင်စုများ မှလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ကျန်ရက်များ၌ မြို့နယ်အတွင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်ဟိန်း(ပြန်/ဆက်)