မြောင်းမြ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ပဲ ကြက်ဥ၊ အသားများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က မြောင်းမြမြို့ အမျိုးသားစျေး (National Market) တွင် ရောင်းချပေးခဲ့သည်။
ထိုသို့ မြောင်းမြမြို့ ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များအား ပြည်သူများကို ရောင်းချပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်သော မြောင်းမြခရိုင်နှင့် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့သည် စျေးနှုန်းသက်သာ အရောင်းဆိုင်ဖွင့်ပြီး ဝက်သား တစ်ပိဿာ (၁၄၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၄၀၀၀) ကျပ်၊ ဆန်တစ်ပြည် (၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၂၂၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာ (၄၂၀၀)ကျပ်၊ ကုလားပဲ နို့ဆီဘူး တစ်ဘူး (၇၀၀) ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိရာ ပြည်သူများ ဝမ်းသာစွာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းစေရေးအတွက် စျေးနှုန်းသက်သာ အရောင်းဆိုင်ကို တစ်ပတ်လျှင် ၂ ရက် တနင်္လာနေ့နှင့် သောကြာရက်များတွင် စျေးများ၌ ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)