ချောက်မြို့နယ်၌ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လျှပ်စစ်မြစ်ရေတင်ဒေသရှိ စပါးသီးနှံစိုက်တောင်သူများနှင့်တွေဆုံ

ချောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စလေမြို့တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်ဒေသရှိ မိုးစပါးစိုက်တောင်သူများ စိုက်ဧက ပြည့်မီစေရေး၊ အထွက်နှုန်းကောင်းသက်တမ်းတို စပါးမျိုးများကို စိုက်ပျိုးခြင်းဖြင့် တစ်ဧကတင်း (၁၀၀)ထွက်ရှိရေး၊ သီးထပ်သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် တောင်သူပညာပေးဆွေးနွေးတွေ့ဆုံပွဲကို စလေမြို့ ဥမင်ကိုးပေါက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းရှင်းလင်းဆောင်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လင်းဦး၊ ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းကျော်၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနဦးစီးမှူး‌ ဒေါ်အေးမြင့်မြတ်သင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

စပါးသီးနှံစိုက်တောင်သူများနှင့် တွေဆုံပွဲတွင် ရသစ်၊ ဓာတ်မြေ၊ မကျီးကန်၊ ပခန်းငယ်၊မိုး စပါးစိုက်ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးခြင်းနှင့် တောင်သူများကသိရှိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးမြင့်မြတ်သင်းနှင့် ဝန်ထမ်းများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)