လပွတ္တာမြို့၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှုပ်ထည့် သွင်းခြင်းဆောင်ရွက်

လပွတ္တာ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ ည​နေပိုင်းက မြွေဟောက် ကျေးရွာအုပ်စုရှိ တောင်သူ ဦးမန်းဖြူ၏ လယ်မြေ (၁၇)ဧကတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ ထည့်သွင်းဆောင်ရွက်ခြင်းကို မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုး​အောင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ကျေးရွာအုပ်စု (၂၂)အုပ်စုရှိပြီး လယ်မြေ (၂၅၀၀) ဧကတွင် သစ်စိမ်းမြေသြဇာ ထည့်သွင်းဆောင်ရွက်လျက်ရှိရာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမြေများတွင် ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်ပြီး လယ်မြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင် ကြောင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိ များကို ရှင်သန်တိုးပွားစေကြောင်း သိရပြီး သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် တစ်ဧကလျှင် ပုလဲဓာတ်မြေ သြဇာ (၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကာ မြေဆီလွှာ အချဥ်ဓာတ်ကို ထိန်းညှိပေးနိုင်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်