ချောက်မြို့နယ်၌  ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ချောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စလေမြို့ ဥမင်ကိုးပေါက်လျှပ်စစ် မြစ်ရေတင်လုပ်ငန်း ရှင်လင်းဆောင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ချောက်မြို့နယ် ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိဦး ကျော်လင်းဦး၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းကျော်၊ ခရိုင်ပညာရေးမှူးဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနဦးစီးမှူး‌ ဒေါ်အေးမြင့်မြတ်သင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ချည်မျှင်ရှည်ဝါမျိုးစေ့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် တာဝန်ရှိသူများက ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့်ဇောင်းတောကန်၊ ချောင်းတက်၊ ရသစ်၊ မကျီးကန်၊ စလေအုပ်စုတို့မှ တောင်သူများအား ချည်မျှင်ရှည်ဝါမျိုးစေ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ကျော်မိုး(ပြန်/ဆက်)