ကံမမြို့နယ် ပုညိုကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

ကံမ ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို   မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီက ပုညိုကျေးရွာအုပ်စုမှ တောင်သူ (၁၃၄)တို့၏ မိုးစပါးစိုက်ဧက(၂၇၆) ဧကအတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို   ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်းသုံးသောင်းအား ထုတ်ချေးပေးရန်လျာထားပြီး မိုးစပါး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၁၁)အုပ်စုမှ တောင်သူ (၁၁၄၉) ဦး၏ မိုးစပါးစိုက်ဧက (၂၅၉၁) ဧကအတွက် ငွေကျပ် (၃၈၈၆.၅) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသောကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကိုလည်း ဆက်လက်၍  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)