မဘိမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မဘိမ်း ဇွန် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော လက္ခဏာများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းနှင့် လူငယ်များသည် အနာဂတ်၏ခေါင်းဆောင်များဖြစ်သည့်အတွက် အသိပညာဗဟုသုတများပြည့်စုံပြီး မူးယစ်ကင်းစင်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် အရေးကြီးပုံအကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)