ပွင့်ဖြူ ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုး ထုန်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ကြံသီးနှံ ၈ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ကြံစိုက်ဧက ၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး ကြံသီးနှံကို ၈ ဧက စိုက်ပျိုးသွားရန် လျာထားရှိပြီး ဒေသခံ တောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရေးအတွက် မေလတတိယပတ်ကစပြီး စိုက်ပျိုးဆောင်ရွက်ခဲ့ကြသဖြင် ယနေ့အထိ ကြံစိုက်ဧက ၅ ဧက စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ကျေးရွာအချို့မှ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ မိုးစပါး၊ မိုးနှမ်းနဲ့ အခြားပဲမျိုးစုံသီးနှံတွေအပြင် ကြံသီးနှံကိုလဲ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ ကြံသီးနှံစိုက်ပျိုးမှုအနေနဲ့ တစ်မြို့နယ်လုံး ၈ ဧက လျာထားစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ကြံသီးနှံစိုက်ပျိုးခြင်းကို ဒေသခံတောင်သူတွေက မဲဇလီရေလွှဲဆည်ရေနဲ့ မြေအောက်ရေကို အဓိကအမှီပြုပြီး မေလ တတိယပတ်ကစပြီးတော့ စိုက်ပျိုးခဲ့လို့ ယနေ့အထိ ကြံစိုက်ဧက ၅ ဧကအထိ စိုက်ပျိုးပြီးစီးနေပြီဖြစ်ပါတယ်။ ဒေသခံတောင်သူတွေ ကြံသီးနှံစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းစေဖို့အတွက် စိုက်နည်းစနစ် မှန်ကန်စေရေး၊ လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုပစ္စည်း အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေးအတွက် မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို တောင်သူအသိပညာပေး ကူညီဆောင်ရွက်ပေးနေပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ကြံသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် အခြားသီးနှံများထက် စိုက်ပျိုးစရိတ် အရင်းအနှီးနည်းပြီး ဈေးကွက်ကောင်းမွန်သဖြင့် ဒေသခံတောင်သူအချို့က သီးနှံဝင်ငွေ ပိုမိုရရှိစေရန် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကြံသီးနှံစိုက်ပျိုးရေးကိုလဲ အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ တွင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ကြံသီးနှံစိုက်ဧက ၈ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )