အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

အိမ်မဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာအိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင်က မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် လူထုလှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်သင့်ကြောင်း၊ မိုးဦးကျလေဦးကျတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် စုပေါင်းပြီးကာကွယ် ကြဖို့လိုကြောင်း၊ ဖုံး သွန် လဲ စစ် နှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့လိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပြီး၊ သွေးလွန်တုပ်ကွေးဖြစ်ပွားပါက ဆောင်ရွက်ရမည့်အခြေအနေများကို ပြောကြားရာ၌ “သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် ရောဂါပိုး သယ်ဆောင်လာတဲ့ ခြင်ဟာ အဲ့ဒီလူနာရဲ့ အိမ် ကိုက်(၅၀)ကနေ ကိုက် (၁၀၀)အတွင်း လျောက်သွားနေပါတယ်။ အဲ့နေရာကို ကြိုတင်ကာကွယ်မှုတွေ လုပ်ရပါမယ်။ ရောဂါပိုးမပြန့်ပွားအောင် ခြင်ဆေးမှုတ်ခြင်း၊ ဖုံး သွန် လဲ စစ် နဲ့ အဘိတ်ခတ်ခြင်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ ရပ်ကွက်၊ ကျေးရွာတွေမှာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတွေ ပြုလုပ်ရပါမယ်။ အိမ်မဲမြို့နယ်မှာ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ အပါတ်စဥ်တစ်ပြိုင်နက်တည်း ပြည်သူလူထု အားလုံးပါဝင်တဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သင့်ကြောင်း'' အကျယ်တဝင့် ဟောပြာခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာ စာရေးများ တက်ရောက်ခဲ့ပြီး ကျန်မာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)