ကျုံပျော်တွင် ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကျုံပျော် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများတစ်ခါသုံးပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ကျုံပျော် မြို့မဈေးအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများပူးပေါင်း၍ ဈေး‌ရောင်းချသူများ ပလပ်စတစ်အိတ်သုံးစွဲမှု ရှိမရှိစစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ အပတ်စဉ်‌စစ်ဆေးမှုကြောင့် မြို့နယ်အတွင်းရှိဈေးများ၌ တစ်ပတ်လျှင်ပလပ်စတစ်အိတ် အသုံးပြုမှု (၀.၁၅) တန်နီးပါး လျော့ချလာနိုင်ကြောင်း သိရသည်။

ထိုသို့ ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်းကို မြို့နယ်အတွင်းရှိ မြို့မဈေး၊ အထောင်ဈေးနှင့် ပျံကျဈေးများအားလုံး၌ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက်လည်း အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့်နှိုးဆော်၍ အများပြည်သူပါဝင်နိုင်ရေး အသိပေးခြင်းများကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လပြည့်ဦး (ပြန်/ဆက်)