ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တီထွင်ကြံဆနိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးများ ရရှိစေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့​​​ပြီး အခြေခံပညာ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ငြိမ်းချမ်းခြင်းဂေဟာနှင့် တူယှဥ်တွဲလို့နေကြမယ် ပုံပြင်များဖြင့် တစ်ပျော်တစ်ပါး ပါဝင် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့် တက်ရောက်လာသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေဇာလင်း