လွိုင်ကော် ဇွန် ၁၉
ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လွိုင်ကော်ဘူတာဝင်းအတွင်း၌ကျင်းပရာ ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ကိုယ်စားလှယ်များ၊ လွိုင်ကော်မြို့ မြန်မာ့မီးရထား (မြို့ပြ) ဌာနဝန်ထမ်းများ၊ ဒေသခံကိုယ်စားလှယ်များအား ပျိုးပင်းများဖြန့်ဝေပေးခဲ့ပြီး ပျော်ရွှင်စွာဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများဘဝ ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများ၏ အခွင့်အရေးထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးရေး၊ အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဝလုံခြုံရေး ကာကွယ်စောင့်စောင့်ရှောက်ပေးရေး စသည့်ရည်ရွယ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိကာကွယ် စောင့်ရှောက်ပေးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့စုပေါင်းသစ်ပင်စိုက်ပျိုးပွဲဝင် ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကံကော်၊ ခရေ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ကျွန်း၊ ခါတော်မီ၊ ဆီသပြေ၊ ပျဥ်းကတိုး၊ ဝါးပိုးဝါး စသည့် သစ်မျိုး(၁၀)မျိုး ပျိုးပင်စုစုပေါင်း(၄၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)