မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မုံရွာ ဇွန် ၁၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့နယ်အတွင်းရှိ ပြည်သူများအတွက် အိမ်တွင်းမှုလုပ်ငန်းများအား ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်စေရန်၊ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်တို့ ရည်ရွယ်ပြီး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မောင်းက သင်တန်းသားသင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာများကို သေချာစွာလက်တွေ့သင်ကြားမှတ်ယူခဲ့ကြပြီးဖြစ်တဲ့အတွက်ကြောင့် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ကိုင်ကြစေကြောင်း တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား လက်ထောက်အင်ဂျင်နီယာ ဒေါ်မြမြချိုက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားသင်တန်းသူအားလုံးကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်အေးမြင့်ရီက သင်တန်းဆင်းများ၏ ထုတ်ကုန်ပစ္စည်းများကို သင်တန်းသူများထံသို့ အသီးသီးလက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ဇွန် ၁၂ ရက်နေ့မှ ဇွန် ၁၆ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းနည်းပြဆရာဆရာမများက ရေချိုးဆပ်ပြာရည်၊ အမွှေးဆီ(လျှော်မွှေး)၊ မန်ကျည်းဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်အမျိုးမျိုး ပြုလုပ်နည်းများ စုစပေါင်းအမျိုးအမည် (၁၅)မျိုးကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး မုံရွာမြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသော သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၂၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)