နတ်မောက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ မိုးစိုက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းလျင်သီးနှံများကို တောင်သူများ စိုက်ပျိုးထားရှိရာ ယခုအခါ မိုးနှမ်းလျင်သီးနှံစိုက်ခင်းအတွင်းရှိ ပေါင်းမြက်များအား ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မိုးရွာသွန်းမှုသည် ကျေးရွာဒေသတစ်ခုနှင့်တစ်ခု တူညီမှုမရှိသဖြင့် မိုးစိုက်သီးနှံများ စိုက်ပျိုးရာတွင် မိုးရေရရှိမှုကောင်းမွန်သည့် ကျေးရွာများတွင် ရည်မှန်းဧကများကို ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြပြီး မိုးရေရရှိမှုနည်းပါးသည့် ဒေသများတွင် မြေဧက တစ်ချို့တစ်ဝက်ကိုသာ မိုးနှမ်းလျင်သီးနှံကို စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံတောင်သူများက ပြောသည်။
နတ်မောက်မြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၏ အရှိန်ကြောင့် မေလ(၁၄)ရက်နေ့တွင်လည်ကောင်း၊ မေလ (၁၅)ရက်နေ့တွင်လည်ကောင်း မိုးရွာသွန်းခဲ့ပြီး ၎င်းမိုးအစိုဓာတ်ဖြင့် မိုးစိုက်နှမ်းလျင်သီးနှံများ စိုက်ပျိုးခဲ့ကြောင်း၊ မိုးနှမ်းလျင် သီးနှံစိုက်ပင် သက်တမ်းတစ်လရှိပြီဖြစ်၍ ပေါင်းထိုးခြင်း၊ ဂျောင်းလိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မူမူစန်း