လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီရွေးချယ်ဖွဲ့စည်း

လေးမျက်နှာ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပိန်းအင်းကျေးရွာအုပ်စု  ကျောင်းကုန်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက်နေပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခွင့်ရသော ကျောင်းကုန်းကျေးရွာတွင် ဆောင်ရွက်မည့်စီမံကိန်း အကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များကို ဆန္ဒမဲစနစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ အဆိုပါကျေးရွာတွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို နိုင်ငံတော်မှချေးငွေ များ မတည်ပေးမည်ဖြစ်သောကြောင့် ကျေးလက်ဒေသရှိ ဆင်းရဲမှုကို လျှော့ချလာနိုင်မည်ဖြစ်သည်။

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)