မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ (အလက-ခွဲ) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

မြို့သစ် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ဇွန်လ ၁၆ ရက်၊ နေ့လယ် ၁ နာရီက ပုတီးကုန်းကျေးရွာအုပ်စု၊ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဆရာဦးတင်မောင်ဝင်း၊ ဦးမြင့်ကြည်၊ ဦးမြင့်ရွှေတို့က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအုပ်စုနှင့် အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး၏အစဖြစ်သည့် ဆေးလိပ်၊ ကွမ်း၊ အရက် စသည်များကို ရှောင်ကြဉ်ကြရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)