လိပ်သို ဇွန် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကလေးသူငယ် အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ စာပေကို ချစ်မြတ်နိုးစေရန်၊ ကလေးအလုပ်သမားများ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် အထွေထွေထိခိုက်ဆုံးရှုံးမှုများကို လည်းကောင်း၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပယ်ဖွင့်ဆိုချက်များကို လည်းကောင်း၊ ဉပဒေများ၊ အခွင့်အရေးများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ လေးများ အသိပညာဗဟုသုတရရှိစေရေးအတွက် နံရံကပ်စာစောင်တွင် ပြသထားသော ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဉပဒေ ပြဌာန်းချက်များ စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်