လိပ်သိုမြို့တွင် ဖခင်များနေ့ အထူးဂုဏ်ပြုဆုတောင်း ဝတ်ပြုပွဲပြုလုပ်

လိပ်သို ဇွန် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဂေခိုဂေဘားကရင်နှစ်ခြင်း ခရစ်ယာန်သာသနာ၊ လိပ်သိုမြို့ အသင်းတော်ဘုရားရှိခိုးကျောင်း၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဖခင်များအား ဂုဏ်ပြုသောအားဖြင့် ဖခင်များနေ့ အထူးဂုဏ်ပြုဆုတောင်း ဝတ်ပြုပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုတောင်းဝတ်ပြုပွဲ အစီအစဉ်တွင် ဖခင်များနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အသင်းတော် အမျိုးသမီးဌာန နော်ခရစ်မေမှ ဖတ်ကြားခြင်း၊ ပရိတ်သတ်များက သမ္မာကျမ်းစာ အပြန်အလှန်ဖတ်ကြားခြင်း၊ ဖခင်များနေ့ ဂုဏ်ပြုတရားဒေသနာတော်ကို ခရစ်ယာန် ခေါင်းဆောင်မြှင့်တင် ရေးတာဝန်ခံ ဆရာမနော်အယ်ထူးက ဟောကြားပေးခြင်း၊ ဓမ္မအမှုတော်ဆောင် ဆရာမနော်ဟေးလ်ဒါက ဖခင်များအားလုံးနှင့် ပရိတ်သတ် အတွက် အထူးဆုတောင်းပေးခြင်း၊ ပွဲတော်မင်္ဂလာခံယူခြင်း၊ သိက္ခာတော်ရဆရာတော် စောမြင့်ထူးက ကောင်းချီးပေးခြင်းတို့ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ဖခင်များနေ့ ဂုဏ်ပြုအစီအစဉ်တွင် အသင်းတော်ဓမ္မပညာဌာနမှ ကလေးသူငယ်များ၊ အမျိုးသမီးများဌာနမှ အမျိုးသမီးများ၊ လူငယ်ဌာနမှ လူငယ်မောင်မယ်များတို့က ဆုတောင်းဝတ်ပြုပွဲသို့တက်ရောက်လာကြသော ဖခင်များအား ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုချီးမွမ်းပေးခြင်း၊ ဂုဏ်ပြုအမှတ်တရ လက်ဆောင်များပေးအပ်ခြင်း၊ ဖခင်များထဲမှ မဟာကံထူးရှင် ရွေးချယ်ဂုဏ်ပြုခြင်း၊ မိတ်သဟာယ ဖခင်များနှင့် မိတ်ဆုံစားခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စောဝေါ်ကွောထူး