ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေး ဝက်မွေးမြူရေးဇုန်(သီးသန့်) ဖော်ဆောင်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၈

ကရင်ပြည်နယ်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ စက်မှုဇုန်အနောက်ဘက် မိဇံကျေးရွာ ကွင်းအမှတ် (၁၀၉၉-ခ)နှင့် ကွင်းအမှတ် (၁၀၉၉-ဃ)၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် မြေဧရိယာ ၄၉ ဒဿမ ၈၄ ဧကခန့်၌ ဝက်မွေးမြူရေးဇုန်(သီးသန့်) ဖော်ဆောင်မည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီးစားရေရိက္ခာဖူလုံပိုလျှံ၍ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ထုတ်ကုန်များ(ကုန်ချော) တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဝက်မွေးမြူရေးဇုန်(သီးသန့်)ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက  ဝက်မွေးမြူရေးဇုန်ဖော်ဆောင်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက ဝက်မွေးမြူရေးဇုန်(သီးသန့်) ဖော်ဆောင်မည့် မြေနေရာနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဇုန်အတွင်း ရှင်းလင်းဆောင်၊ ဝက်ဒိုင်၊ ရုံးခန်း၊ ဆေးဝါးနှင့် တိရိစ္ဆာန်အစာဆိုင်နေရာများပါ ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ လျှိုပိတ်ဆည်၏ ရေဝေ၊ ရေလဲ၊ ရေဆင်း ဧရိယာအထက်တွင် တည်ရှိသဖြင့် ရေထုညစ်ညမ်းမှုမရှိစေရေးနှင့် သဘာဝမြေဩဇာရရှိစေရေးအတွက် တရိစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေးစွန့်ကျင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ကို အကောင်အထည် ဖော်ခြင်းဖြစ်သဖြင့် မျိုးကောင်းမျိုးသန့်ဝက်မျိုးများကို ထည့်သွင်းမွေးမြူသွားရန်၊ လက်ရှိမွေးမြူသူများနှင့် စိတ်ပါဝင်စားသူများအနေဖြင့် ဇုန်အသစ်တွင်မွေးမြူနိုင်ရန် လာရောက်လျှောက်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။

အဆိုပါ ဝက်မွေးမြူရေးဇုန်(သီးသန့်)ကို ကနဦးအနေဖြင့် ဇုန်ပတ်လမ်းများ၊ ဝင်လမ်း၊ ထွက်လမ်းများ ဖောက်လုပ်၍ တစ်ယူနစ်လျှင် ၀ ဒဿမ ၇၅ ဧက ရှိ အကွက်ပေါင်း ၅၀ ခန့် ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ခေတ်မီနည်းစနစ်များဖြင့် ဝက်(သီးသန့်)  မွေးမြူထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)