တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

တောင်တွင်းကြီး ဇွန် ၁၈

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု လျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၇:၃၀) နာရီက တောင်တွင်းကြီးမြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (အ.ထ.က-ခွဲ) ၀င်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သစ်တောဦးစီးမှူး တို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် တစ်ပြိုင်နက်စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တမာ (၅၀) ပင်၊ ပန်းမယ်ဇလီ (၅၀) ပင်၊ ဖျောက်ဆိတ် (၅၀) ပင်၊ မယ်ဇလီ (၅၀) ပင်၊ ရေတမာ (၅၀) ပင်၊ ပိတောက် (၅၀) ပင်၊ ကုက္ကို (၅၀) ပင်၊ ယင်းမာ (၅၀) ပင်၊ စိန်ပန်းကြီး (၅၀) ပင်၊ စိန်ပန်းပြာ (၅၀) ပင် စသည့် ပျိုးပင်ပေါင်း (၅၀၀) ကို  ကျောင်းဝင်းအတွင်း စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်အေးမိုးမိုးမြင့်