လွိုင်ကော် ဇွန် ၁၈
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ သင်တန်း ကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး ပရိဝုဏ် အတွင်း၊ ဆေးရုံအဆောက်အဦနှင့် လူနာဆောင်များတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့နှင့် ပြည်သူများက စုပေါင်းသန့်ရှင်းစေရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများကိုထားရှိသည့် သီးသန့်ဆောင်များကို ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ထားရှိဆောင်ရွက်နေမှုများ၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ရေနှုတ်မြောင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်း သာယာလှပစေရေး ၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇင်