ခန္တီး ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံ(အခမဲ့)သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်က သင်တန်းဆင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူများမှ အသီးသီး လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို မေလ(၂၉)ရက်နေ့မှ ဇွန်လ(၁၈)ရက်နေ့အထိ သင်ကြားပို့ချခဲ့ပြီး ခန္တီးမြို့နယ်အတွင်းရှိ ရပ်ဝေးရပ်နီးမှ အသက်(၁၈)နှစ်အထက် အမျိုးသမီးကလေးငယ် (၃၁)ဦး တက်ရောက်ခဲ့ကြကာ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာများ ပြည့်ဝသော မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးကြမည့် မူကြိုဆရာမများ၊ ပြုစုစောင့်ရှောက်သူများအားလုံး လုပ်ငန်းခွင်တွင် နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်မြတ်သီတာနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)