မလက်တိုကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

မအူပင် ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ မလက်တိုကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မလက်တိုကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေ‌ဇင်အေးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေတိုးစေရန်နှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းမီသည့်ကုန်ပစ္စည်းများ ထုတ်လုပ်တတ်စေရန် သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မလက်တိုကျေးရွာ ရပ်မိရပ်ဖဦးတင်ဝင်းမှ မိမိတို့ကျေးရွာတွင် ယခုလိုသင်တန်းလာရောက် ဖွင့်လှစ်‌ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ သင်တန်းသား သင်တန်းသူများမှလည်းကြိုးစားပြီးသင်ယူစေချင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျော်ရည်၊ လက်သန့် ဆေးရည်၊ မျက်နှာသစ်ဆပ်ပြာခဲလုပ်နည်းများအား စာတွေလက်တွေ့ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၈-၆-၂၀၂၃ မှ ၂၂-၆-၂၀၂၃) ရက်နေ့အထိ (၅)ရက်တာ ကာလဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင်(ပြန်/ ဆက်)