ချောင်းဦး ဇွန် ၁၈
မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ လာမည့် ဇွန်လ ၂၆ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယခုလ ၁၄ရက်နေ့ နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သောင်းမှ ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ပြဌာန်းထားသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထိန်လင်းမှ လူငယ်နှင့်ဆေးလိပ်အန္တရာယ်အကြောင်း ဟောပြောခဲ့ရာ ကျောင်းသားကျောင်းသူ လူငယ်များအတွက် မူးယစ်ဆေးဝါးကို ဆေးလိပ်သောက်ခြင်းမှ စတင်တတ်ကြောင်း၊ ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ လူငယ်တွေအနေဖြင့် မခံချင်စိတ်ဖြင့်လည်းကောင်း၊ အတုမြင်အတတ်သင်ခြင်းအားဖြင့်လည်းကောင်း ဆေးလိပ်ကို စတင်သောက်သုံးတတ်ကြ၍ မကောင်းမှန်းကိုသိပြီး အစပြုမသောက်သုံးကြရန် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုကြရာ မြို့နယ်ရဲမှူး၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေး ပြသခဲ့ကြောင်း သိရပါသည်။
ဝင်းမြင့်အောင်(ပြန်/ ဆက်)