ကော့သောင်းမြို့တွင် အဆုတ်ရောင်ရောဂါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ကော့သောင်း ဖေဖေါ်ဝါရီ ၂၇

ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့်  2019-nCoV(အဆုတ်ရောင်) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါဗိုင်းရပ်စ် ကူးစက်မှုအခြေအနေသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ကမ္ဘာသတင်းမီဒီယာများနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များအရ ရောဂါပိုးကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားနေသူများကို စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရ ပြီဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် အဝင်/အထွက် ဂိတ်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများအလို့ငှာ နေ့စဉ် ရောင်းဝယ်ဖေါက်ကား ဝင်ထွက်သွားရောက်လျက်ရှိသည့် မြို့ခံပြည်သူများနှင့် ထိုင်းနိုင်ငံမှတဆင့်ဝင်ရောက်လာသည့်  နိုင်ငံစုံမှ ခရီးသွားဧည့်သည်များထံမှ  ကော့သောင်းမြို့ အတွင်းသို့ ရောဂါပိုးကူးစက်ခံရသူများပါဝင်လာခြင်းမရှိစေရေး  နေ့စဉ် နယ်စပ်ဂိတ်စတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ ပိတ်သိမ်းချိန် ညနေပိုင်းအထိ ခရီးသွားဧည့်သည်များဖြတ်သန်းဝင်ရောက်လည်ပတ်လျက်ရှိသည့် အဏ္ဏဝါရပ်ကွက်၊ မြို့မတံတား ရေဆိပ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက သတိပြုစစ်ဆေး တားဆီးကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိတ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဆိုင်ရာNGOအဖွဲ့အစည်းများပူးပေါင်းကာ မြို့၏လူစုလူဝေးများပြားရာ အဝေးပြေးကား ဂိတ်နှင့်မြို့မဈေးအနီး အနားတစ်ဝိုက် အဆုတ်ရောင်ရောဂါ 2019NovelCoronavirus ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်းများ ဝေငှခြင်း ခရီးသွားပြည်သူများသိထားနိုင်ကြစေရန်လက်ကိုင်စပီကာများဖြင့်နိုးဆော်အသိပေးခြင်း၊  နံရံကပ်ပိုစတာများ ကပ်၍အသိပေးခြင်း စသည့်လုပ်ငန်းများ ကိုအလေးထား ဆောင်ရွက် လျက်ရှိပြီး ယနေ့အထိမြန်မာနိုင်ငံ ကော့သောင်းမြို့အတွင်းသို့လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားဧည့်သည်များထံမှ ဗိုင်းရပ်ပိုးကူးစက်ခံရသူ စစ်ဆေးပေါ်ပေါက်မှုမရှိသေးကြောင်းကျန်းမာရေးဌာန၏ သတင်းများအရ သိရသည်။

ကျော်စိုး(ကော့သောင်း)