ပွင့်ဖြူ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်းတံတားနှင့် ကျေးလက်ရေပေးဝေရေး လုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါရရှိ သည့် ကုမ္ပဏီများမှ မြို့နယ်အဆင့် တင်ဒါလုပ်ငန်းချပြရှင်း လင်းခြင်းကို ဇွန် ၁၇ ရက် ၊ မွန်းတည့် ၁၂ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် တင်ဒါလုပ်ငန်း ချပြရှင်းလင်းပွဲ အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကျေးလက်ကုန်ထုတ်လမ်းတံတားများနှင့် ကျေးလက်ရေပေးဝေရေးလုပ် ငန်းများကို တင်ဒါရရှိသည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး ၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဒေသခံကျေးလက်နေပြည်သူများအတွက် အမှန်တကယ် အကျိုးပြုနိုင်ရေး စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက် ကုန်ထုတ်လမ်းတံတားနှင့် ကျေးလက်ရေပေး ဝေရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအတိုင်းအတာနှင့် တင်ဒါပါ စည်းကမ်းချက်များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး တင်ဒါရရှိသည့် Shwe Group ကုမ္ပဏီနှင့် တော်ဝင်းထွန်း ကုမ္ပဏီတို့မှ တာဝန်ရှိသူများက မိမိတို့တာဝန်ယူဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ ထို့နောက် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တင်ဒါလုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ဒေသခံကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုနှင့် Pipe Culvert နှင့် Slab Culvert အမျိုးအစား တံတား(၄)စင်း တည်ဆောက်ခြင်း ၊ ရေပြွန်(၆)စင်း တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၁)ခုနှင့် ကျေးလက်ရေပေးဝေရေး လုပ်ငန်း(၂) ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )