အထက်မင်းလှ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်(၈)နာရီက ရုံးရပ်မြောက်ရပ်ကွက်၊ မြောက်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် သောက်သုံးရေထည့်ထားသော ရေလှောင်ကန်များ၊ အုတ်ကန်၊ ကျောက်စည်များ၊ ပန်းအိုးများတွင် ခြင်ခိုအောင်းခြင်းမရှိစေရန်နှင့် ပိုးလောက်လန်းများမရှိရန် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား လက်တွေ့ပြသပြီး အသိပညာပေး ရှင်းလင်းပြောကြားခြင်း အဘိတ်ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများကို ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)