ကန့်ဘလူ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၀၅၁၄ ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါးထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတု ရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ဧက အထွက်နှုန်းတိုးတက်ရေး၊ မျိုးကောင်း၊ မျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အဓိကထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တွန်းအားပေး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးဇော်ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း၌ စပါးစိုက်ဧကတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ တောင်သူများအား စိုက်ပျိုးနည်းစနစ်များ၊ မြေဆီလွှာထိန်းသိမ်းနည်းပညာများ ဟောပြောခြင်း၊ ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှုမရှိစေရန် အပင်ဖြစ်ထွန်းချိန်အလိုက် ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာများဟောပြောခြင်း စသည့် စိုက်ပျိုးရေးနည်းပညာပေးဆွေးနွေးပွဲများကိုလည်း ကွင်းအလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ သီးနှံမျိုးထုတ်ကွက်များကို တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့်ပုံစံမှ အစုအဖွဲ့ပုံစံ ဖွဲ့စည်းပေးနိုင်ရေး၊ သမအသင်းအစုအဖွဲ့ပုံစံဖြင့် ဖွဲ့စည်းပေးပြီး လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးခြင်းတို့ဖြင့်လည်း တောင်သူများ ဝင်ငွေတိုးတက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူလယ်သမားကြီးများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုက်ရန် ကန့်ဘလူမြို့နယ်တွင် နည်းပညာပြန့်ပွားရေးစင်တာများဖြစ်သော ကန့်ဘလူမြို့မ၊ ဇီးကုန်း၊ ကာဘိုး၊ သရက်ကောင်း၊ ထန်းကုန်း၊ တည်ပင်၊ ချပ်သင်း၊ ကိုးထောင်ဘို့နှင့် မလယ်စင်တာများတွင် ကွင်းပညာရှင်များက ဝန်ဆောင်မှုပေးလျက်ရှိပြီး နည်းပညာများ ရယူဆောင်ရွက်နိုင်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)