မကွေး ဇွန် ၁၈
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၇ ရက် နံနက်ပိုင်းက မကွေးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
ထို့သို့ စုပေါင်းသန့်ရှင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု့အဖွဲ့အစည်းများ စုပေါင်း၍ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မြက်ပင်များ၊ သစ်ပင်ကြီးများနှင့်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြေများအား စက်ယန္တရားများဖြင့် စနစ်တကျမြေညှိခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းစသည့် စုပေါင်းသန့်ရှင်ရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့မကွေးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ သန့်ရှင်းသာယာလှပရေးသည် အရေးကြီးပါကြောင်း၊ ပညာသင်ကြားပေးနေသည့် ဆရာ/ဆရာများနှင့် ပညာသင်ယူနေသည့် ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ပျော်ရွှင်စွာပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် ပညာသင်ကြားရေးတွင်သာမကပဲ အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် အားလပ်ချိန်များတွင် ပျော်ရွှင်စွာကစားနိုင်ရေးအတွက် လေ့ကျင့်ခန်းပစ္စည်းများအား စုံလင်စွာထားရှိခြင်းနှင့် ကစားကွင်းသန့်ရှင်း သာယာလှရေး ဆောင်ရွက်ခြင်းသည်လည်း ကျောင်းသား/ကျောင်းသူများ ပိုမိုအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို စုစုပေါင်းအင်အား (၂၀၀) ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး သန့်ရှင်ရေးလာရောက်ဆောင်ရွက်သူများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရသည်၊။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ မြို့ပေါ်ရပ်ကွက် များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ကာ မြို့ပေါ်ရပ်ကွက်နှင့် နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုများ၊ ရေတွင်း၊ ရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သောပစ္စည်များအတွင်း ပိုးလောက် လန်းများမပေါက် ဖွားနိုင်စေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်နိုင်ရေးအတွက် အိမ်အနီးအနားပတ်ဝန်းကျင်ရှိ ခြင်ပေါက်ဖွားနိုင်သည့် ရေအိုး၊ ရေခွက်များ၊ ခြင်အောင်းနိုင်သည့် ခြုံများရှင်းလင်းခြင်း၊ ဆေးခြင်ထောင်များ အသုံးပြုရန် စသည့် အသိပညာပေးခြင်းများကို တစ်အိမ်တက်ဆင်း လုပ်ဆောင်နေမှုများအား ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းများ၊ ခြင်များပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်လမ်းများနှင့် အိမ်ခြံဝန်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ