ပခုက္ကူတက္ကသိုလ်၌ ရာသီဥတု​ပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ ဇွန် ၁၇

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပခုက္ကူတက္ကသိုလ်၌ ရာသီဥတုပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်မှုများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “ရာသီဥတု​ဖောက်ပြန်ပြောင်းလဲ​ရခြင်း အကြောင်းရင်းများ၊ ကမ္ဘာကြီးပူ​နွေးရခြင်းကြောင့် ​နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသည့် လေထုညစ်ညမ်းမှုများနှင့် စွန့်ပစ် အမှိုက်များအကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေဩဇာအလွန် အကျွံသုံးစွဲကြခြင်းကြောင့် မြေအသုံးမှုဆင့်ကဲဆင့်ကဲပြောင်းလဲလာမှုများ၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်မြန်မာနိုင်ငံရှိ ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းများ၊ ဆောင်းပါးများနှင့်အကြံပြုချက်များ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လိုက်​လျောညီ​ထွေမှုရှိ​အောင်​ နေထိုင်ရမည့်နည်းလမ်းများ၊ ရာသီဥတု​ပြောင်းလဲမှုကို​လျှော့ချရေး နည်းလမ်းများအကြောင်း”တို့ကို Projector ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ကြပြီး ရာသီဥတု​ပြောင်းလဲခြင်းနှင့်အကျိုး သက်ရောက်မှုဆိုင်ရာ မိမိသိရှိလိုသည်များကို အသီးသီး မေးမြန်းမှုများ အပေါ် ခေတ္တပါမောက္ခချုပ်က ပြန်လည်ရှင်းလင်းဖြေကြားကာအပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)