ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးစိုက်ပျိုးရေးသိပ္ပံ(ဘားအံ)ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံအားပေး၊ မိုးကြိုထယ်ရေးစုပေါင်းထွန်ယက်ပွဲ၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်

ဘားအံ ဇွန် ၁၇

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံ ဖြစ်သည့်အားလျော်စွာ စိုက်ပျိုးမွေးမြူရေးပညာရှင်များ များစွာလိုအပ်လျက်ရှိပြီး နိုင်ငံ့စီးပွား၏ ၄၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာသား ငါးကဏ္ဍဖြစ်သည့်အတွက် လိုအပ်သည့်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်မှ ယခုကဲသို့ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ (၃)နှစ်တာသင်ကြားပြီးမြောက်ပါက အလယ်အလတ် စိုက်ပျိုးရေးပညာရှင်၊ မွေးမြူရေးပညာရှင် ဒီပလိုမာအောင်လက်မှတ်ကိုရရှိမည်ဖြစ်ပြီး ထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ရည်မှန်းချက် ကြီးကြီးမားမားထားပြီး အမြဲမပြတ်ဆက်လက်လေ့လာဆည်းပူး၍ နိုင်ငံအကျိုးကို ပိုမိုတိုးတက်မြင့်မားအောင် ဆောင်ကြဉ်းနိုင်ကြသူများ ဖြစ်ကြပါစေကြောင်း အားပေးစကား ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)ကျောင်းအုပ်ကြီးက ပညာသင်ကြားမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)တွက် တက်ရောက် ပညာသင်ကြားနေသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၁၅၇ ဦးအား ငွေကျပ် သုံးဆယ်တစ်သိန်းလေးသောင်းကျပ်ကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား တတိယနှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ စိုက်ပျိုးရေးသိပ္ပံ(ဘားအံ) ကျောင်းပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသိပ္ပံ (ဘားအံ)တွင် တွဲဖက်ဖွင့်လှစ်ထားသော မွေးမြူရေး ဒီပလိုမာသင်တန်းကျောင်း၏ နွားမွေးမြူရေးခြံ၊ ဝက်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါးဧက ၁၁၉၀၄၃ ဧကစိုက်ပျိုးရန် လျာထားပြီး လျာထားမိုးစပါးဧက ပြည့်မီကျော်လွန်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်က မိုးကြိုထယ်ရေး စုပေါင်းထွန်ယက်ပွဲကို ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာ၊ ကွင်းအမှတ် ၁၁၈၈(က) နောင်ခရိုင်ကွင်းရှိ တောင်သူဦးနေလင်းထွေး၏ လယ်(၁၀)ဧက၌ ကျင်းပသည်။

စုပေါင်းထွန်ယက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် သားစဉ်မြေးဆက်လက်ဆင့်ကမ်းထိန်းသိမ်း၍ စိုက်ပျိုး လုပ်ကိုင်သွားကြဖို့လိုကြောင်း၊ လူဦးရေတိုးပွားလာသော်လည်း စိုက်ဧကများ တိုးပွားလာခြင်းမရှိသည့်အတွက် လယ်ယာမြေများကို အနားမပေးဘဲ သီးထပ်သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိတိုးချဲ့စိုက်ပျိုး၍ အထွက်နှုန်းတိုးတက်ကောင်းမွန်လာအောင် စိုက်ပျိုးလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ လယ်ယာလုပ်သား ရှားပါးလာခြင်းကို ဖြေလျော့နိုင်ရန်နှင့် သီးထပ်၊ သီးညှပ်များဖြင့် စိုက်ပျိုးလုပ်ကိုင်ကြရာတွင် အလျဉ်မီစေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဖို့လိုအပ်လာကြောင်း၊ မျိုးစပါး၊ သွင်းအားစု၊ စိုက်နည်းစနစ်၊ ယန္တရားလိုအပ်ချက်များကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးတို့က ရဲသာ(ကမော့ကစင်)၊ ကော့ကူး၊ ခရစ်၊ နောင်ခရိုင်၊ ကော့မရမ်း၊ တော်ပုံကျေးရွာများမှ မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ ထုတ်လုပ်သော မျိုးသန့်မျိုးပွားမျိုးစေ့(RS)  ၅၀ တင်း၊ ယူရီးယားဓာတ်မြေဩဇာ ၅၀ အိတ်နှင့် သဘာဝမြေဩဇာ ၅၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဘားအံမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်းမှ ထွန်စက်ကြီး ၆ စီးနှင့် တောင်သူများ၏ လက်တွန်းထွန်စက်ငယ်များဖြင့် မိုးကြိုထယ်ရေး စုပေါင်းထွန်ယက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာသော ကျေးရွာများမှ တောင်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာ၊ နောင်ခရိုင် ရေဂူအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေဂူနှင့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ အများပြည်သူအေးချမ်းပျော်ရွင်စွာ လာရောက်အပန်းဖြေအနားယူနိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)