ပဲခူး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇွန်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ မြို့မဈေးကြီး သီရိဥဿာဈေးရုံကြီးရှေ့၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်း ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဈေးဝယ်သူများ၊ ဈေးရောင်းချနေသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ သက်သာသော နှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ရောင်းချပေးသည့် ဈေးဆိုင်များအား အမိုးအကာများဖြင့် စနစ်တကျ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်၊ နေ့စဉ် သက်သာသော နှုန်းထားဖြင့် ရောင်းချပေးနေမှုအား ရပ်ကွက်/ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ရန်၊ ဈေးနှုန်းသာသက်မှုနှင့် သန့်ရှင်းလက်ဆတ်မှုအား တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ရန်၊ ဒေသထွက်ကုန်များ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး စီစစ်ဆောင်ရွက်ရန်၊ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အမှိုက်များစနစ်တကျ သိမ်းဆည်းရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ဒေသထွက် ဆန်၊ ဆီ၊ ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ဟင်းသီး ဟင်းရွက်များအား လက်လီအဆင့်ဆင့်မရှိဘဲ ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်၍ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)