မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းနှင့် အခြားလုပ်ခွင့်ပြုဧရိယာများ သတ်မှတ်သည့်နည်းလမ်းအတိုင်း စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

အုတ်တွင်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းဧရိယာနှင့်အခြား လုပ်ခွင့်ပြုဧရိယာများ သတ်မှတ်နည်းလမ်းအတိုင်း စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိကို ယမန်နေ့ ညနေပိုင်းက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်နှင့် အခြားနည်းအသုံးပြုခွင့်  ခွင့်ပြုမိန့်ရရှိပြီးသော လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်း ၆၄ ဦး၏ စိုက်ပျိုးရေးလုပ်ငန်းဧရိယာ ၆၇၀၃ ဧကနှင့် အခြားလုပ်ခွင့်ပြုဧရိယာ ၄၇၄ ဧကတို့အား သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ်ကာလ လေးနှစ်အတွင်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

အုတ်တွင်းမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းလုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်  ခွင့်ပြုမိန့်ရရှိပြီးသော စိုက်ပျိုးရေးလုပ်ငန်းဧရိယာနှင့် အခြားနည်းလုပ်ခွင့်ပြုဧရိယာတို့အား သတ်မှတ်နည်းလမ်းအတိုင်း သတ်မှတ်ကာလအတွင်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိပါက နိုင်ငံတော်မှလုပ်ထုံး လုပ်နည်းဥပဒေနှင့်အညီ ပြန်လည်သိမ်းယူသွားမည် ဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)