ရွှေကျင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေကျင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် ရွှေကျင်ချောင်းကူးတံတားဘေး၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ဖြိုးမင်းဟန်တို့မှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့များထံ ပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။

ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်‌စေရန်အတွက် အမြင့် ၂ ပေနှင့် အထက်ရှိသော မန်ဂျန်ရှား(၁၀၀)ပင်၊ မယ်ဇလီ(၆၅)ပင်၊ မဟော်ဂနီ (၆၅)ပင်နှင့် မအူ(၇၀)ပင် စုစုပေါင်း ပျိုးပင် (၃၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ စစ်ဗျူဟာ (အခြေချ)ရွှေကျင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များနှင့် သစ်တောဦးစီးဌာမှဝန်ထမ်းများ စုစုပေါင်း တက်ရောက်အင်အား (၂၅၀)ဦးခန့်က မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။‌

ထွန်းထွန်းဇော်(ပြန်/ဆက်)