ဆင်ပေါင်ဝဲ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံအတွင်း၌ မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများက မိဘပြည်သူများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီးချိုစစ်ဆးပေးခြင်း၊ အဝလွန်ခြင်းနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအန္တရာယ် ခန့်မှန်းတွက်ချက်ပေးခြင်း၊ ပန်းနာရင်ကြပ်နှင့် နာတာရှည် အဆုပ်ပွရောဂါများ ရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါတွေ့ရှိမှုအပေါ် မူတည်၍ သောက်ဆေးများ အခမဲ့ပေးဝေပေးခဲ့သည်။
ထို့နောက်ဒေါက်တာမွန်စိုးရီမှ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံသေးသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)