ပေါင်းတည်မြို့နယ် အ​ခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါင်းတည် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက လေပြင်းမုန်တိုင်းအန္တရာယ်၊ မီးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ ဆူနာမီနှင့်မိုးကြိုးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ဦးစီးမှူး ဦးထက်နိုင်က သဘာဝဘေးအန္တရာယ်များအား ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရန်၊ ဆောင်ရန်အချက်အလက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြကြောင်းသိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဝေငှပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၂၅၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရကြီး( ပြန်/ဆက်)